မိုင်းယု ၁၁ ဖေဖော်ဝါရီ
တာချီလိတ်မြို့ မြန်မာ့အာမခံလုပ်ငန်းမှ မြန်မာ့အာမခံအကြောင်း သိကောင်းစရာ ဟောပြောဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးက မြန်မာ့အာမခံလုပ်ငန်းနှင့် ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားပြီး တာချီလိတ်မြို့ မြန်မာ့အာမခံလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဦးအောင်ဖုန်းမိုက နိုင်ငံ့ဝန်ထမ်း အသက်အာမခံ (ကာလတို)ကြောင်း၊ မီးနှင့် သဘာဝဘေးအန္တရာယ် အာမခံသိကောင်းစရာများနှင့် အာမခံထားရှိခြင်းဖြင့် ရရှိမည့် အကျိုးခံစားခွင့်များကို ဟောပြောခဲ့သည်။
ထို့နောက် မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ထမ်းများက တက်ရောက်လာကြသူများအား အာမခံအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်ကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။
ကိုကိုနိုင်(မိုင်းယု)