မိုင်းယု စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံ ရှမ်းရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော် (တန်းဌာန်း) ပွဲတော်ကို တော်သလင်းဆန်း ၁ ရက်မှစ၍ လပြည့်ကျော်အထိ သတ်မှတ်ရက်များအလိုက် ရပ်ကွက်/ကျေးရွာများ အလှည့်ကျဖြင့် ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ ရိုးရာပွဲကို မိုင်းယုမြို့ဒေသတွင်းရှိ ဒေသခံ ရှမ်းတိုင်းရင်းသားတို့သည် တစ်နှစ်တာအတွင်း သေဆုံးသူ မိဘဘိုးဘွားများအား ရည်မှန်း၍ နောင်ဘဝတွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရေး အတွက် ဝေဿန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်း) ပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ရှိကြောင်း သိရသည်။
ရိုးရာပွဲတော်အဖြစ် အလှူပြုသူ (သေဆုံးသူမိသားစုဝင်) များက အိမ်တွင်လည်းကောင်း၊ ဘုန်းကြီးကျောင်းတွင်လည်းကောင်း စုပေါင်း၍ အကျွေးအမွေးဖြင့် ဧည့်ခံလှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်း၌ ဝေဿန္တရာပါဠိတရားတော်များကို ပွဲတော်ပြီးမြောက်သည်အထိ ရွတ်ဖတ် ပူဇော်ခြင်း၊ ဘုရားကျောင်း ပုံစံအိမ်ငယ်များ၊ ဓမ္မာရုံပုံစံငယ်များ၊ ဇရပ်ပုံစံငယ်များ၊ အိမ်အသုံးအဆောင်ပစ္စည်း အမျိုးမျိုး၊ ရှမ်းရိုးရာဝတ်စုံ အမျိုးမျိုးတို့ဖြင့် ပြုလုပ်ဆက်ကပ် လှူဒါန်းခြင်း၊ တရားနားကြားသူများက လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ပုံးငယ်အတွင်း ထည့်ကာ သံဃာတော်အား ဆက်ကပ်လှူဒါန်းပေးခြင်း၊ တရားဘာဝနာ အားထုတ်ခြင်းတို့ဖြင့် ကုသိုလ်ပြုကြကာ အထူးစည်ကားခဲ့သော်လည်း ယခုကာလတွင် ကိုဗစ်-၁၉ ရောဂါကာလဖြစ်နေ၍ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူအနည်းငယ်ဖြင့်သာ ကျင်းပြုလုပ်ကြောင်း၊ အလှူဖြစ်မြောက်ရန် သဘောသာပြုလုပ်ခဲ့ကြရကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ကိုကိုနိုင်(မိုင်းယု)


