မိုင်းယု ဧပြီ ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ရှမ်းတိုင်းရင်းသားတို့၏ သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့ လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့မရပ်ကွက်အနီး၊ နမ့်လွေချောင်းအလယ်ရှိ သဲသောင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် တာဝန်ရှိသူ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့မိမြို့ဖဖြစ်သူ ဦးတင်ထွေးက ရိုးရာဓလေ့ လှေလှော်ပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်၍ ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို အသင်းဝင်များက စတင်လှော်ခတ်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲဝင်အသင်းများမှာ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်း၊ ဝန်ထမ်းပေါင်းစုံ၊ ဒေါင်နေ၊ ဒွန်းနွဲ့၊ မြို့မ၊ တာကြန့်၊ ဝမ်နားဟွေ့နှင့် ကျိန်းယဲန်းအသင်းတို့ဖြစ်ရာ စုစုပေါင်း အသင်းကိုးသင်း ပါဝင်ယှဉ်ပြိုင် ကစားကြကြောင်း၊ ပြိုင်ပွဲများကို ဧပြီ ၂၉ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အသင်းအားလုံး ယှဉ်ပြိုင် ကစားကြရမည်ဖြစ်ပြီး ဧပြီ ၃၀ ရက်တွင် အုပ်စုအနိုင်အရှုံးလုကာ မေ ၁ ရက် နံနက်ပိုင်းတွင် ပထမ၊ ဒုတိယနှင့် တတိယလုပွဲတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း၊ ယင်းနေ့ ညနေ ပိုင်းတွင် ဆုပေးပွဲနှင့် ပိတ်ပွဲ အခမ်းအနားတို့ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်