မိုင်းယု၊ ၂၉ ဒီဇင်ဘာ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေကြသည့် တည်ဆောက်ရေးလုပ်အား မြို့နယ် တည်ဆောက်ရေးလုပ်ငန်း ကော်မတီအဖွဲ့များက ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ဦးညီညီဝင်းနှင့် ကော်မတီ အဖွဲ့ဝင်များက မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်(၈၁)သန်းဖြင့် GLORY THI LAND ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်မည့် အလျား ပေ ၉၀၊ အနံ ပေ ၃၀ ရှိသည့် ကျောင်းဆောင်သစ် မြေအနေအထားများ၊ လုပ်ငန်းလျာထားချက် အကွက်ချမှုအခြေအနေ၊ မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးကုသရေး ဦးစီးဌာနရုံးရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၃၅ ဒသမ ၁၆)သန်းဖြင့် အလျား ပေ ၃၀၊ အနံ ပေ ၂၀ ရှိသည့် RC နှစ်ထပ်ရုံး အဆောက်အဦတို့အား သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီစေရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်တို့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၆၅)သန်းဖြင့် စိုင်းရှဲန်ရွက်ကုမ္ပဏီလီမီတက်မှ တာဝန်ယူဆောင်ရွက်နေသည့် အဆိုပါ ရပ်ကွက်ရှိ သုဿာန်လမ်း အရှည် ပေ ၁၀၀၀၊ အနံ ၁၈ ပေ၊ ထု ၇ လက်မရှိသည့် ကွန်ကရစ် လမ်းခင်းမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်းလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ အချိန်မီပြီးစီးနိုင်ရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)


