မိုင်းယု ၁၇ စက်တင်ဘာ
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုဒေသခံ ရှမ်းတိုင်းရင်းသားများသည် ကွယ်လွန်သူမိဘ၊ ဘိုးဘွားများအား ရည်စူး၍ ရိုးရာဓလေ့ဖြင့် အလှူရေစက်ချ မင်္ဂလာ အခမ်းအနားကို တော်သလင်း လဆန်းမှ စတင်၍ တော်တလင်း လပြည့်ကျော်အထိ မိုင်းယုဒေသ အတွင်းရှိ ရပ်ကွက်/ ကျေးရွာများရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်းတို့၌ အလှည့်ကျစီ ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။
အလှူပွဲကို နှစ်စဉ် တော်သလင်းဆန်းပိုင်း တစ်ရက်နေ့မှစ၍ လပြည့်ကျော်နေ့ အတွင်းသာ ကျင်းပလေ့ရှိပြီး အလှူပြုရာတွင် တစ်နှစ် အတွင်းရှိ ကွန်လွန်သူ မိဘ၊ ဘိုးဘွားများကို နောင်ဘဝတွင် စည်းစိမ်းကောင်းကျိုး ချမ်းသာမျှဝေ ခံစားစေနိုင်ရန်အတွက် ယင်းမိသားစုဝင် အလှူရှင်များ၏ အိမ်တွင် လည်းကောင်း၊ ဘုန်းကြီးကျောင်းတွင် စုပေါင်း၍သော်လည်းကောင်း အကျွေးအမွေးဖြင့် ဧည့်ခံလှူဒါန်းခြင်း၊ ဘုရားကျောင်း ပုံစံအိမ်ငယ်များ၊ ကွယ်လွန်သူမှ လာရောက် တရားနာယူနိုင်ရန် ဓမ္မရုံ ပုံစံငယ်များ၊ ဇရပ်ပုံစံငယ်များ တည်ဆောက်၍ ၎င်းတို့ထဲ၌ အိမ်အသုံးအဆောင် ပစ္စည်းအမျိုးမျိုး၊ ရှမ်းရိုးရာဝတ်စုံ အမျိုးမျိုး၊ တရားနာကြားသူအတွက် လှူဖွယ်ဝတ္ထု အစုစုတို့အား ပုံးငယ်အတွင်းထည့်ကာ ဆက်ကပ်လှူဒါန်းပေးခြင်းများ ပြုလုပ်ရခြင်းဖြစ်သည်။
ထို့ပြင် သံဃာတော် အရှင်သူမြတ်များက ရေချိုးသန့်စင်ကာ ထိုဓမ္မရုံငယ် အတွင်းသို့ ဝင်ရောက်၍ ပဋ္ဌာန်းရွတ်ဖတ်ရခြင်းနှင့် ရေစက်ချပြီးမြောက်သော နေ့မှသာလျင် ယင်းဓမ္မရုံ၏ အပြင်ကိုထွက်ရခြင်း၊ ကွယ်လွန်သူ၏ မိသားစုအလှူရှင်များမှာလည်း ရေချိုးသန့်စင်၍ ဥပုသ်သီလ ဆောက်တည်ပေးရခြင်း၊ ရေစက်ချ တရားနားပြီး အချိန်မှစ၍ လပြည့်ကျော် တစ်ရက်နေ့အတွင်း ကွယ်လွန်သူများက မိမိအတွက် ရေစက်ချ အမျှပေးဝေထားသော လှူဖွယ်ဝတ္ထုပစ္စည်းများ လာရောက် ယူဆောင်မည်ဖြစ်ကြောင်း၊ ထို့မှသာ လှူဒါန်းမှု အစုစုအတွက် အလှူဒါန မြောက်ပါကြောင်း စသော လှူဒါန်းရခြင်းအကြောင်းအရင်းများ၊ အဆိုပါ အလှူပွဲများတွင် ရိုးရာ အကအလှများ၊ မီးရှုးမီးပန်းများ ပစ်လွှတ်ခြင်းနှင့် ပွဲသို့ လာရောက်ကြသော ဧည့်သည်တော်များအား ရိုးရာအစားအစာများနှင့် ဧည့်ခံ ကျွေးမွေးခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ကိုကိုနိုင်(ပြန်/ဆက်)