မိုင်းယု  ၂၆  မေ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံပြည်သူများသည် အိမ်ဆောက်လုပ်ရန်နှင့် ခြံစည်းရိုးများ အုတ်တံတိုင်း ခတ်ရန်အတွက် မြေအုတ်များအစား လက်လုပ်ဘလောက်အုတ်များ အသုံးပြုမှု ပိုမိုများပြားလာ၍ အုတ်ဘလောက်ငှားရမ်း လုပ်ကိုင်သူများမှာ မိသားစု အပိုဝင်ငွေရ၍ အဆင်ပြေလျက်ရှိကြသည်။

 

အဆိုပါ လက်လုပ်ဘလောက်အုတ်များ ပြုလုပ်ရာတွင် ဘိလပ်မြေတစ်အိတ်လျှင်  သဲကျောက် ဇကာချ၍ သော်လည်းကောင်း၊ သဲအကြမ်း(သို့မဟုတ်) သဲချောကိုလည်းကောင်း သဲ ၂၈ ပုံးမှ ပုံး ၃၀ ထိထည့်ကာ ရေအနည်းငယ်သာထည့်၍ ရောစပ်ထားသော ဘိလပ်မြေအား သံဖြင့်ပြုလုပ်ထားသည့် အလျား တစ်ပေ၊ အနံ သုံးလက်မခွဲ၊ အမြင့် လေးလက်မခန့်ရှိ ပုံစံခွက်ထဲထုထည့်ရိုက်နှိပ်ကာ သင့်တော်သော ပြင်ညီနေရာတွင်ထား၍ နေရောင်ပြကာ ပြုလုပ်ရသော အုတ်တစ်မျိုးဖြစ်ကြောင်း၊ အချိုးကျ ရောစပ်ပြီးထားသော ဘိလပ်မြေတွင် ဘလောက်အုတ် ၅၅ လုံးကနေ အလုံး ၆၀ ထိရရှိကြောင်း၊ အုတ်ဘလောက်ငှားရမ်းရိုက်လျင် ဘိလပ်မြေတစ်အိတ်လျှင် ရိုက်ခနှုန်းမှာ ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ထိဈေးရှိကြောင်း ဝယ်သူလာသယ်လျင် ကျပ်ငွေ ၃၅၀ နှင့် ဝယ်ယူသူထံပို့ရလျှင် ငွေကျပ်  ၄၀၀ ဖြစ်ဝယ်ယူရကြောင်း လက်လုပ်ဘလောက်အုတ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

 

မိုင်းယုမြို့တွင် ယခင်က အိမ်များဆောက်လုပ်ရန်နှင့် ခြံစည်းရိုးများ ကာရံရာတွင် မြေအုတ်ကိုသာ မိုင်းယောင်းမှတစ်ဆင့် တကူတက မှာယူအသုံးပြုရပြီး ကုန်ကျစရိတ်များပြားရခြင်းနှင့် မြေအုတ် လုပ်ငန်းလုပ်ကိုင်သူ မိုင်းယုဒေသတွင် မရှိခြင်းတို့ကြောင့် ယခုအခါ မိုင်းယုတွင် အလွယ်တကူရရှိနိုင်ပြီး ကုန်ကျစရိတ်သက်သာစေသည့် လက်လုပ် ဘလောက်အုတ်ကိုသာ အများဆုံးဝယ်ယူအသုံးပြုမှု များပြားလာခြင်း၊ ငှားရမ်းရိုက်ခိုင်းခြင်းများပြုလုပ်လာသဖြင့် အုတ်ဝယ်သူများမှာ လက်လုပ်အုတ်ဘလောက်ကိုသာ အများဆုံး အသုံးပြုလာခဲ့ကြကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)