နေပြည်တော်၊ မေ ၁၆
နှစ်စဉ်စိုက်ပျိုးသီးနှံများ လျာထားချက် ပြည့်မီရေး ရေအလေအလွင့် အနည်းပါးဆုံးနှင့် အထိရောက်ဆုံး အကျိုးရှိစွာ အသုံးချနိုင်ရေး စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မကျီးတိုင် ကျေးရွာအနီးရှိ ကြက်မောက်တောင် ရေလှောင်တမံသို့ ရောက်ရှိစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး ရေလှောင်တမံကြံ့ခိုင်မှု၊ စိုက်ပျိုးရေ ပေးဝေနေမှုတို့ကို လိုက်လံကြရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဉီးစီးဌာန၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ၊ ဆည်ပေါက်ဥယျာဉ်ခြံနှင့် ပုပ္ပားဥယျာဉ်ခြံသို့ ရောက်ရှိပြီး သရက်ကိုင်းဆက်ခြင်း၊ သရက်ပျိုးခင်းများ ပျိုးထောင်ဖြန့်ဖြူးမှု၊ စပျစ် (၁ ဒသမ ၅၀) ဧကစိုက်ခင်းနှင့် (၄ ဒသမ ၀၀) ဧက စိုက်ခင်းများကိုလည်းကောင်း၊ စပျစ် (၁၂) ပေ တန်းကြားအတွင်း သဘာဝသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ လှောင်ဂန်စိုက်ခင်း၊ ကြက်မောက်စိုက်ခင်းနှင့် နဂါးမောက် စိုက်ခင်းတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန၊ တိုင်းရင်းကြက်မွေးမြူရေး သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ (ညောင်ဉီး) သို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက ကျေးလက်ဒေသနေ မွေးမြူရေး တောင်သူများကို နည်းပညာဖြန့်ဝေပေးရန်နှင့် မျိုးကောင်းမျိုးသန့်ကြက်များ ဖြန့်ဖြူးပေးရန်လိုကြောင်း၊ ကြက်မွေးမြူရေးဆိုင်ရာ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးမြင့်ကြက်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်လိုကြောင်း မှာကြားပြီး ဒေသကြက်မျိုးများဖြစ်သည့် စစ်တကောင်း၊ လည်ပြောင်၊ အင်ပင်ဝ၊ မြန်မာကြက်နက်နှင့် ပုပ္ပားကြက်ခြံများ မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ညောင်ဉီးမြို့ စိုက်ပျိုးရေးသုတေသနဌာန၌ ဒုတိယဝန်ကြီးက သီးနှံမျိုးသစ်များနှင့် ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များ စမ်းသပ်ဖော်ထုတ်ရန် လိုကြောင်း၊ သီးနှံမျိုးကောင်း မျိုးသန့်များနှင့် စိုက်ပျိုးနည်းစနစ်များကို တောင်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးပေးရန် လိုကြောင်း၊ နယ်မြေဒေသရှိ စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများ ရှာဖွေဖော်ထုတ်ရန် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့သည်။
သတင်းစဉ်