မိုးညို ၊  ၁၅  ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက် ကုန်ထုတ် လမ်း ငါးလမ်းနှင့် တံတား (၇)စင်းကို ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ်သန်း ၆၃၀ ကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာ ယမင်းထိုက်က ပြောသည်။

မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၆၃၀ ဒသမ ၄၅ သန်း အသုံးပြုကာ ပေါက်ကုန်း-မိုးသီတာကျေးရွာ ကုန်ထုတ်လမ်း ပေ ၆၀၄၀  ၊ ဇီးပင်ကျေးရွာကုန်ထုတ်လမ်း ပေ ၄၉၀၀  ၊ မကျီးပင်စုကျေးရွာကုန်ထုတ်လမ်း ပေ ၉၀၄၀ ၊ သာယာကုန်း-ရွာသစ်ကျေးရွာကုန်ထုတ်လမ်း ၇၅၂၄ ပေနှင့် ကရင်ချောင်းကုန်းကျေးရွာ ကုန်ထုတ်လမ်း ပေ ၁၀၃၀၀ တို့ကို အကျယ် ၁၄ ပေ၊ အမြင့် မြေသားနှစ်ပေထု မြေနီ ကျောက်စရစ်ကိုးလက်မထုခင်းခြင်း၊ ကုန်ထုတ်တံတားအဖြစ် Box Culvert ခုနစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာယမင်းထိုက်က  ပြောသည်။ 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ ဆောင်ရွက်ပြီးစီးပါက အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျော်ဦး