မိုးညို ၂ ဇွန် 

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှမြို့နယ်အတွင်းရှိ ဂရန်အင်းများအား ၂၀၂၀-၂၀၂၁ ခုနှစ်လုပ်ငန်းရာသီနှစ် အတွက်(ပထမ)အကြိမ် လေလံတင်ရောင်းချခြင်းကို သခင်လှရှိန်ရပ်ကွက်၊မဟာသုမင်္ဂလသီဟကြေးသွန်းဘုရားကြီး၊ဓမ္မာရုံ၌ဇွန်လ ၄ ရက်နေ့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

မြို့နယ်အတွင်းရှိ ဂရန်အင်းများလေလံတင်ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် နှိုးဆော်ချက်များနှင့်အညီဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးဘဏ္ဍာငွေအတွက် ရသင့်ရထိုက်သော အခွန်အခများရရှိစေရန်ရည်ရွယ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

မိုးညိုမြို့နယ်အတွင်းဂရန်အင်း(၇၅)အင်းရှိသည့်အနက်၂၀၂၀-၂၀၂၁ ခုနှစ်လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် လေလံတင်ရောင်းချမည့် အင်း(၃၈)အင်းကြေညာထားရှိပြီး အင်း(၃၁)အင်းအား လုပ်ကိုင်လိုသူ(၆၅)ဦးမှ လေလံဆွဲဝယ်ခွင့်လက်မှတ်ရယူထားကြောင်း၊ အင်းတစ်အင်းချင်းအများဆုံးဝင်ရောက်လေလံဆွဲဝယ်သူ(၆)ဦးဖြင့်ဆွဲဝယ်မည့်အင်း(၁)အင်းရှိပြီးကျန် (၃၀)အင်းမှာအများဆုံး(၃)ဦးသာဖြစ်ကြောင်း သိရသည်။

 

အင်းလေလံဆွဲဝယ်လိုသူများကိုလည်း မိမိလေလံဆွဲဝယ်လိုသည့်အင်းရောင်းချမှသာခန်းမအတွင်းသို့လာရောက်စေပြီး Maskတပ်ဆင်စေခြင်း၊လက်ဆေးဝင်ရောက်ခြင်း၊ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပြီးမှသာသတ်မှတ်နေရာသို့ဝင်ရောက်ရန်စီစဥ်ထားရှိကြောင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

 

ကိုမင်း (မိုးညို)