မိုးညို ၄ မတ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လေးပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ဖြင့် ကျေးရွာအုပ်စုများအတွင်း ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခန့်မှုရရှိရန်အတွက် စာရင်းကောက်ယူခြင်းကို မတ်လ ၃ ရက်က စတင်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူမောင်နှင့် ဝန်ထမ်းများသည် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ မေတ္တာပေါင်းကူးပရဟိတအသင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဘုရားငူအုပ်စုအတွင်းရှိ သရက်ကုန်းကျေးရွာ၊ ဘုရားငူကျေးရွာ၊ လဖျော်ပင်ကျေးရွာ၊ မိုးသစ္စာကျေးရွာများတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတက်သည့် လေးပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခန့်မှုရရှိရန်အတွက် စာရင်းကောက်လျက်ရှိကြောင်း သိရသည်။
စာရင်းကောက်ယူရာတွင် ၂၀၁၉ ခုနှစ်တွင် လေပြင်းဘေး အများဆုံးထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာ (၁၁) အုပ်စု၌ ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွား နေအိမ်များကို အဓိကထား စာရင်းကောက်ယူပြီး၊ မတ်လအတွင်း လိုအပ်သော အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ ( မင်းလှ)


