မိုးညှင်း၊မြစ်ကြီးနား၊ ပုသိမ်ကြီးနှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၇

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၆ ရက် နံနက် ၁၁နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ရန်ကုန်-မြစ်ကြီးနားသွားကားလမ်း၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ် အနီးတွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် မမေသွယ်ဦး သယ်ဆောင်လာသည့် ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၂၁ ကီလို  ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ မန္တလေး-မြစ်ကြီး နားသွားကားလမ်း၊ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သူရဟိန်း မောင်းနှင်ပြီး အောင်နေလင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး အလားတူ ည ၈နာရီ ၁၅  မိနစ်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်း(ထွယ်ဆန်)ရပ်ကွက်၊ ရွှေလမ်းမကြီးတွင် မကေသီလှိုင်(ခ) ကေကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို  တို့ကိုလည်းကောင်း။

 

ထို့နောက်  ဩဂုတ် ၆ ရက် ညနေ ၄နာရီ ခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ- ရွှေစာရံကျေးရွာသွား ကားလမ်းဘေးရှိ ပျိုးဥယျာဉ်ဆိုင်ရှေ့တွင် ဝင်းဖေမောင်းနှင်ပြီး မောင်ငယ်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၅၀ ကိုလည်းကောင်း၊ ယင်းနေ့ ည ၈ နာရီခွဲတွင် နောင်ချိုမြို့နယ်၊ နောင်ချို-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ထွန်းလှမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေစစ်ဆေးရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၂၀၀ ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)