နေပြည်တော် ၁၄ အောက်တိုဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၃ ရက် နံနက် ၈ နာရီခွဲက မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်း၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိုင်းသန့်ကြည်ထွန်း (ခ) ကိုငယ် (ခ) သက်တင် မောင်းနှင်လာသော ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၃၈၆ ကီလိုကိုလည်းကောင်း၊ ကွင်းဆက်အရ နံနက် ၉ နာရီခွဲတွင် ညီညီလွင်(ခ)မောင်လွင်အား ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်း၊ ဘုရားကြီး အရှေ့မုခ်လမ်းနှင့် ဦးပွား ကုန်းကျော်တံတားလမ်းကြား၌ လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် မခိုင်မာဇင် (ခ) ခိုင်ဇင်ဝင်းအား ဖားကန့်မြို့နယ်၊ မမုံကျေးရွာ၊ ဖားပြင်ဇက်ဆိပ်အနီး၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အလားတူ ယင်းနေ့ ညပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာနေ မင်းအောင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၂၃၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ညပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ နောင်ရှန်ကျေးရွာရှိ စိုင်းလုံ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်၌ စိုင်းလုံ၊ စိုင်းဝန်းစိန်နှင့် စိုင်းဆေးတို့အား တွေ့ရှိရပြီး ၎င်းတို့ ၃ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၉၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား