မိုးညှင်း ၂၈ နိုဝင်ဘာ 

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၇ ဒသမ ၅ သန်းဖြင့် Kachin Ayar ကုမ္ပဏီလီမိတက်က တာဝန်ယူတည်ဆောက်သည့် (၁၂၀ ပေ × ၉၀ ပေ × ၃၆ ပေ)ရှိ မိုးလုံလေလုံ အားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီက အဆိုပါအဆောက်အအုံသစ်၌ ကျင်းပသည်။

 

9798

 

ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးတို့က မိုးလုံလေလုံ အားကစားခန်းမသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ 

 

9821

 

အခမ်းအနားအား အားကစားခန်းမတွင်း၌ ဆက်လက်ကျင်းပရာ လူမှုရေးဝန်ကြီး ဦးနေဝင်းက အခမ်းအနား အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က မိုးညှင်းခရိုင်နှင့် မြို့နယ်များထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

9923

 

ထို့နောက် အားကစားသရုပ်ပြအဖွဲ့များက လေ့ကျင့်ခန်း သရုပ်ပြသခြင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့သိုင်းသရုပ်ပြသခြင်းနှင့် Physical Fitness Dance အကများဖြင့် သရုပ်ပြသခဲ့ကြပြီး မြန်မာနိုင်ငံ ခြင်းလုံးအားကစားအဖွဲ့ချုပ်မှ မြန်မာ့ရိုးရာ ခြင်းအလှခတ် သရုပ်ပြသခဲ့ကြသည်။

ယခုဆောက်လုပ်ပြီးစီးသည့် မိုးလုံလေလုံ အားကစားခန်းမကို ယခုနှစ်မတ်လမှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အားကစားခန်းမဖွင့်ပွဲနှင့်အတူ နိုဝင်ဘာ ၂၉ ရက်တွင် အမျိုးသားအလွတ်တန်း (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဒီဇင်ဘာ ၁၂ ရက်တွင် အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)