မိုးညှင်း    ၁၁  စက်တင်ဘာ  


ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း ၂၀၁၉-၂၀၂၀ မိုးစပါးစိုက်ပျိုးရာသီတွင် စပါးစိုက်ဧက ၂၁၉၈၂၆ တွင် အထွက်ကောင်းမျိုးဖြစ်သည့် ဆင်းဧကရီ-၃ စပါးမျိုးကို အများဆုံး စိုက်ပျိုးထားရှိကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဩဂုတ်လကုန်အထိ ကောက်ယူရရှိသည့် စာရင်းဇယားများအရ သိရသည်။


တစ်ခရိုင်လုံး အတိုင်းအတာအရ အထွက်ကောင်းမျိုးဖြစ်သည့် ဆင်းဧကရီ -၃ စပါးစိုက်ဧက ၁၇၈၀၃၇ ဧက စိုက်ပျိုးထားရှိပြီး၊ အထူးအထွက်တိုး မျိုးဖြစ်သည့် ပုလဲသွယ်စပါးစိုက်ဧက ၁၂၀ ဧက၊ အထွက်ကောင်းမျိုးစပါးဖြစ်သည့် ဧည့်မထစိုက်ဧက ၁၁၆၈ ဧက၊ ဧည့်မထ (အခြား) ၃၁၅၃၅ ဧက၊ ကောက်ညှင်းစိုက်ဧက ၆၄၃၅၊ ယာစပါးစိုက်ဧက ၁၈၈၄ နှင့်တောင်ယာစပါးစိုက်ဧက ၆၄၇ ဧက စိုက်ပျိုးထားရှိသည်။


ဆင်းဧကရီ - ၃ စပါးမျိုး၏မူရင်းစိုက်ပျိုးသည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် ၁၉၈၇ ခုနှစ်တွင် မျိုးအဖြစ်ထုတ်ဝေခဲ့သည်။ ဆင်းဧကရီ-၃ စပါးမျိုးသည် မိုးညှင်းခရိုင်ရှိ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့်အပြင် စိုက်ပျိုးထုတ်လုပ်သူ၊ စားသုံးသူ၊ ဖြန့်ဖြူးရောင်းချသူများ ကြိုက်နှစ်သက်ပြီး အရည်အသွေးကောင်း၍ စပါးအထွက်နှုန်း မြင့်မားသည့်အတွက် ပို၍စိုက်ပျိုးကြကြောင်း သိရသည်။


အဆိုပါ စပါးမျိုးကို  မိုးညှင်းခရိုင်အပြင် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကျိုင်းတုံနှင့် မိုးမိတ်ဒေသများ စစ်ကိုင်းတိုင်း အထက်ပိုင်းကသာခရိုင်အတွင်းရှိ ကသာ၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ထီချိုင့်၊ ဗန်းမောက်၊ ပင်လယ်ဘူးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကြောင်း မိုးညှင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနအရာရှိ ဦးမြင့်သောင်းက ပြောကြားသည်။


ကျော်ကျော်ထွေး(မိုးညှင်း)