မိုးညှင်း ၁၅ စက်တင်ဘာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ၂၀၁၉-၂၀၂၀ မိုးစပါးစိုက်ပျိုးရာသီတွင် အထွက်ကောင်းမျိုးဖြစ်သည့် ဆင်းဧကရီ-၃ စပါးမျိုးကို စိုက်ဧက ၂၁၉၈၂၆ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဩဂုတ်လကုန်အထိ ကောက်ယူရရှိသည့် စာရင်းဇယားများအရ သိရသည်။
တစ်ခရိုင်လုံး အတိုင်းအတာအရ အထွက်ကောင်းမျိုးဖြစ်သည့် ဆင်းဧကရီ-၃ စပါးစိုက်ဧက ၁၇၈၀၃၇ ဧက စိုက်ပျိုးထားရှိပြီး အထူးအထွက်တိုး မျိုးဖြစ်သည့် ပုလဲသွယ်စပါးစိုက် ၁၂၀ ဧက၊ အထွက်ကောင်းမျိုးစပါးဖြစ်သည့် ဧည့်မထစိုက်ဧက ၁၁၆၈ ဧက၊ ဧည့်မထ (အခြား) ၃၁၅၃၅ ဧက၊ ကောက်ညှင်းစိုက် ၆၄၃၅ ဧက၊ ယာစပါးစိုက် ၁၈၈၄ ဧကနှင့် တောင်ယာစပါးစိုက်ဧက ၆၄၇ ဧက စိုက်ပျိုးထားရှိသည်။
မိုးညှင်းခရိုင်အပြင် ဆင်းဧကရီ- ၃ စပါးမျိုးကို မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကျိုင်းတုံနှင့် မိုးမိတ်ဒေသများ စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင်အတွင်းရှိ ကသာ၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ထီချိုင့်၊ ဗန်းမောက်၊ ပင်လယ်ဘူးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကြောင်း မိုးညှင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သုတေသနအရာရှိ ဦးမြင့်သောင်းက ပြောသည်။
ဆင်းဧကရီ- ၃ စပါးမျိုး၏ မူရင်းစိုက်ပျိုးသည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် ၁၉၈၇ ခုနှစ်တွင် မျိုးအဖြစ် ထုတ်ဝေခဲ့သည်။ ဆင်းဧကရီ-၃ စပါးမျိုးသည် မိုးညှင်းခရိုင်ရှိ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့်အပြင် စိုက်ပျိုးထုတ်လုပ်သူ၊ စားသုံးသူ၊ ဖြန့်ဖြူးရောင်းချသူများ ကြိုက်နှစ်သက်ပြီး အရည်အသွေးကောင်း၍ စပါးအထွက်နှုန်း မြင့်မားသည့်အတွက် ပို၍စိုက်ပျိုးကြကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


