မိုးညှင်း ၁၈ မတ်
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် (COVID-19) ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ကူးစက်ဖြစ်ပွားနေသဖြင့် ရောဂါဖြစ်ပွားမှု မရှိသေးသည့် မြန်မာနိုင်ငံအနေဖြင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မိုးညှင်းခရိုင်ရှိ ခုတင်(၁၀၀)ဆံ့ ဆေးရုံတွင်လည်း အဆိုပါရောဂါ ထောက်လှမ်းရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် သီးသန့်လူနာခန်းအပါအဝင် ဆေးရုံသုံး ပစ္စည်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်က ယခုလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ပြည်သူ့ဆေးရုံအနေနဲ့ ရောဂါထောက်လှမ်းရေးနဲ့ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စီစဉ်မှုအနေနဲ့ သီးသန့်ခန်းကို ဖွင့်လှစ်ထားတယ်။ ဒီထဲမှာဒီရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရန် လိုအပ်တဲ့ ပစ္စည်းတွေအကုန်ရှိတယ်။ ဒီပစ္စည်းတွေကိုလည်း သီးသန့်ထားတယ်။ ဒါက ရောဂါသံသယရှိတဲ့ လူနာတွေကို သီးသန့်ထားဖို့ ပြင်ဆင်ထားတယ်” ဟု ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်ကျော်က ဆေးရုံတွင် သီးသန့်လူနာခန်း ထားရှိမှုနှင့်ပတ်သက်၍ ရှင်းပြသည်။
အဆိုပါသီးသန့်လူနာခန်းတွင် တာဝန်ထမ်းဆောင်နိုင်ရေးအတွက်လည်း ကြိုတင် ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်၍ “ဝန်ထမ်းတွေကို ၁၅ ရက်တစ်ဆိုင်းနှုန်းနဲ့ (၆) လစာဝန်ထမ်းတွေကို တာဝန်ချထားပြီးပြီ၊ အကယ်၍ ရောဂါတအား ပြင်းထန်မယ်ဆိုရင် မြစ်ကြီးနားဆေးရုံကိုပို့ဖို့ လူနာတင်ယာဉ်တွေလည်း စီစဉ်ဆောင်ရွက်ထားတယ်” ဟု ဆေးရုံအုပ်ကြီးက ဆက်လက်ပြောကြားသည်။
မိုးညှင်းခရိုင် ခုတင် (၁၀၀) ဆံ့ဆေးရုံတွင် လက်ရှိအချိန်အထိ အဆိုပါရောဂါနှင့်ပတ်သက်၍ သံသယလူနာ တစ်ဦးတစ်ယောက်မှ မရှိသေးကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သည့် သတင်းနှင့် လိုက်နာဆောင်ရွက်ရန် အသိပေးကြေညာချက်များကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒေါက်တာမြင့်ကျော်က ပြောကြားသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


