မိုးညှင်း            မေ       ၆

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းကို မေ ၅ ရက် နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရှည်မှန်းချက်တာဝန်များကို ဦးလည်မသုန် တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ရှေးမီးသတ်သမားကြီးများ၏ မျက်မှောက်ခေတ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော မီးသတ်လုပ်ငန်းဆိုင်ရာများကို စွမ်းအားပြည့် တာဝန်ထမ်းဆောင်နေကြသော မီးသတ်တပ်ဖွဲ့ဝင်များ အားလုံးကို ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် မီးသတ် ကျင့်ဝတ်ဖြေဆိုပွဲတွင် အကြပ်အဆင့်နှင့် တပ်သားအဆင့်၌ ပထမဆုရရှိခဲ့ကြသူများအား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း အမျိုးအစား(၄၀)ကျော်ကို လိုက်လံကြည့်ရှုခဲ့ကြသည်။

 

ထို့နောက် အထပ်မြင့်တိုက်များ မီးလောင်မှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာများရရှိပြီး ပိတ်မိနေသည့် လူနာများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ မီးငြိမ်းသတ်ရေးလုပ်ငန်းနှင့် လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ခြင်း လုပ်ငန်းများဖြစ်သည့် သရုပ်ပြသခြင်းများကို ဆက်လက်ဆောင်ရွက်ရာ တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း