မိုးညှင်း မေ ၁၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် သက်ကြီးရွယ်အို အဘိုးအဘွားများအား သွားတု(အံကပ်)များ အခမဲ့တပ်ဆင်ပေးခြင်းကို မေလ(၁၀)ရက် မွန်းလွဲ(၁)နာရီမှစတင်၍ စိမ်းလဲ့ရတနာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားမှုဖြင့် ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းအဖွဲ့နှင့် ကုသရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင် ဦးဆောင်သည့်အဖွဲ့သည် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များနှင့် တပ်ဖွဲ့ဝင်များ၊ မေတ္တာလေညှင်း လူမှုကူညီရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ သက်ကြီးရွယ်အို အဘိုးအဘွားများအား စမ်းသပ်စစ်ဆေးပြီး သွားတုတပ်ဆင်ရန်အတွက် ပုံစံခွက်သွားတု(အံကပ်)များ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ သွေးတိုး၊ ဆီးချိုရောဂါရှိမရှိ တိုင်းတာပေးခြင်းနှင့် လိုအပ်သောသူများအား သွေးတိုးကျဆေး၊ ဆီးချိုကျဆေးနှင့် အားဆေးများပေးဝေခြင်းတို့ကို မေလ (၁၀)ရက်မှ (၁၃)ရက်အထိ လေးရက်ကြာ အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးနေမှုများကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း