မိုးညှင်း   စက်တင်ဘာ   ၁၆

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် စိန်ပက်ထရိတ်ဘုရားကျောင်းရှိ တိုက်ပွဲရှောင်စခန်းမှ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား ယမန်နေ့ နံနက် (၁၁)နာရီက ထောက်ပံ့ရေး ပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုတိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စုဝင်များအား ရွှေ့ပြောင်းနေထိုင်ရန်အတွက် UNHCR အပါအဝင်၊ သက်ဆိုင်ရာအသင်းတော်နှင့် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် မိုးညှင်းမြို့၊ အောင်သပြေ ရပ်ကွက်၊ အပိုင်း(၃)ရှိ GTC ကျောင်း အနောက်ဘက်ခြမ်းတွင် ဆောက်လုပ်ပေးခဲ့သည့် လုံးချင်းနေအိမ်(၁၀)လုံးတို့သို့ သြဂုတ်လ(၂၅)ရက်နေ့တွင် အဆိုပါအိမ်ထောင်စုဝင်များအား ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

 

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပေးအပ်ရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီလွင်က အားပေးစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံ ဦးသက်နိုင်ဝင်းက ထောက်ပံ့ရေးပစ္စည်းများ လာရောက်ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင် တိုက်ပွဲရှောင်စခန်းမှ ပြောင်းရွှေ့နေထိုင်ခဲ့သည့် အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၅၂)ဦးတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၀)သိန်း၊ ဆန်(၁၆)အိတ် (၆)ပြည်၊ ဆီပိဿာ(၂၀)၊ ဆား(၁၀)ပိဿာနှင့် ကုလားပဲပိဿာ(၂၀)  စုစုပေါင်းတန်ဖိုးငွေကျပ် တစ်ဆယ့်ခြောက်သိန်း ငါးသောင်း ငါးရာ၊ Family Kit ပစ္စည်း(၂၁)မျိုးပါ (၁၀)ပုံးနှင့် Hygiene Kit-E(၁၀)ဖာ စသည်တို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် ခရိုင်ဘေး/စီဌာနမှ ခရိုင်တာဝန်ခံတို့က အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ရာ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၁၀)စုမှ လက်ခံရယူကြပြီး အိမ်ထောင်စုဝင်များအားလုံးကိုယ်စား စခန်းတာဝန်ခံဒေါ်ဒွဲနန်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)