မိုးညှင်း ၆ ဩဂုတ်
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဘီလူးကျေးရွာအုပ်စု အုန်းစံဆိုင်ကျေးရွာတွင် ယမန်နေ့ ည ၁၀ နာရီ ၅၅ မိနစ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေးပြင်းတိုက်ခတ်သဖြင့် လူနေအိမ်ပြိုကျမှုနှင့်အတူအိမ်များအမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဘီးလူ-အုန်းစံဆိုင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သစ်ပင်(၁)ပင် လဲကျခဲ့ပြီး အုန်းစံဆိုင်ကျေးရွာရှိ ဒေါ်မြင့်ဌေး၏ (၂)ခန်းပတ်လည် လူနေအိမ်ပြိုကျ၊ ဦးစိုးမိုး၏ ၃ ခန်း ၂ ခန်း လူနေအိမ် အမိုးလန် ဦးမောင်လေး၏ ၂ ခန်းပတ်လည် လူနေအိမ်အမိုးလန်၊ ဦးသိန်းဝင်း၏ ၃ ခန်း ၂ ခန်းလူနေအိမ် အမိုးလန်၊ ဦးကျော်မြင့်ဦး၏ ၄ ခန်း ၂ ခန်း စပါကျီအမိုးလန် ဦးဘရွှေ၏ ၄ ခန်း ၂ ခန်း လူနေအိမ် အမိုးလန်၊ ဦးအောင်ကြီး၏ ၄ ခန်း ၂ ခန်း လူနေအိမ်အမိုးလန် သွပ်အချပ်ရေ ၁၁ ချပ်ပျက်စီး၊ ဦးစောမောင် ၃ ခန်း ၂ ခန်း လူနေအိမ်အမိုးလန်၊ ဒေါ်လှအေး၏ ၂ ခန်းပတ်လည် အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ပြိုလဲသစ်ပင်အား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများက ယနေ့နံနက်ပိုင်းတွင် ဖယ်ရှားရှင်းလင်းပြီး ထိခိုက်ပျက်စီးခဲ့သည့် ရွာသူရွာသားများအား ကူညီနိုင်ရန်အတွက် မိုးညှင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်ရှစ်ဦးနှင့် အတူမီးသတ်ယာဉ်(၁)စီးအား စေလွှတ်ပြီး ကူညီကယ်ဆယ်မှုများပြုလုပ်လျက်ရှိကြောင်းနှင့်ဖြစ်စဉ်အတွင်းလူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


