မိုးညှင်း ၈ ဧပြီ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ရွာသစ်ကျေးရွာ ရွှေဘို - မြစ်ကြီနား ပြည်ထောင်စု ကားလမ်းဘေး နန့်ရင်းချောင်းတွင် Steel basket ကျောက်စီမြေထိမ်းနံရံ တည်ဆောက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးမှူး ဦးမောင်မောင်လွင်က ပြောသည်။
အရှည် ၃၃ဝ ပေ၊ အမြင့် ၁၆ ပေ၊ အကျယ် ၄ ပေ လှေခါးပုံစံဖြင့် လှေခါးထစ် ၄ ခု ရှိသော ကျောက်စီမြေထိမ်းနံရံ တည်ဆောက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရ၏ ဘတ်ဂျက်ရန်ပုံငွေ ကျပ် (၇၁ ဒသမ ၆) သန်း အကုန်အကျခံ၍ မိုးညှင်းမြို့နယ် လမ်းဦးစီးဌာန မြို့နယ်လမ်းဦးစီးမှူး ဦးမောင်မောင်လွင်၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် အငယ်တန်းအင်ဂျင်နီယာ ဦးသီဟဇော်နှင့် လုပ်သား ၂၅ ဦးတို့က တည်ဆောက်လျက်ရှိရာ ဧပြီလကုန်တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“ဒီလုပ်ငန်းလုပ်ကိုင်ဖို့ ၂၀၁၉ ဒီဇင်ဘာမှာ ပစ္စည်းစုဆောင်းပြီး ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ လှေကားတစ်ထစ်ကို ၄ ပေ နဲ့ ၄ ထစ်ကို ၁၆ ပေ မြင့်ပါတယ်။ အရှည်က (၃၃၀) ပေရှိပြီး ဒီလကုန်ပြီးအောင် ကြိုးစားနေပါတယ်” ဟု ဦးသီဟဇော် (လုပ်ငန်းနည်းပြအင်ဂျင်နီယာ) ကပြောကြားသည်။
“ ဒီလမ်းပိုင်းဟာ ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းပိုင်းပေါ်မှာရှိတဲ့ 298.50 KM နှင့် 299.50 KM အတွင်း ဆယ်မိုင်ကျေးရွာ ထိပ်မှာရှိပါတယ်။ နန့်ရင်းချောင်း ရေတိုက်စားခဲ့လို့ လမ်းနှင့် ၄ ပေအကွာဘဲ ကျန်တော့တယ်။ လမ်းကလည်း အကွေ့ဖြစ်နေတဲ့အတွက် အန္တရာယ် ရှိလာပြီဖြစ်တာကြောင့် တည်ဆောက်ရခြင်း ဖြစ်ပါတယ်” ဟု၎င်းက ဆက်လက်ပြောကြားသည်။
“ ပြိုကျလုလုဖြစ်နေတဲ့ လမ်းဘုတ်တိုင်နဲ့ ၄ ပေအကွာမှာ ရှိနေပါတယ်။ ဒီမိုးဦးကျရင်တော့ ပြိုနိုင်ပါတယ်။ အခုလို အချိန်မီလုပ်ကိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကတ္တရာလမ်း အလယ်ကနေ ၇၅ ပေအကွာထိအောင် လုပ်ဆောင်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ ဒီလမ်းဟာ ပြည်ထောင်စုလမ်းမကြီး ဖြစ်တဲ့အတွက် မဖြစ်မနေလုပ်ထားမှ ချောင်ရေတိုက်စားမှု အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်” ဟု ဆယ်မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောကြားခဲ့သည်။
နီတိုး(မိုးညှင်း)


