မိုးညှင်း   နိုဝင်ဘာ   

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်လူငယ်သင်တန်းကျောင်း၌ “သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေး” သင်တန်းကို နိုဝင်ဘာ (၈) ရက် နံနက် (၈) နာရီက ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်လှစ်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ အနေဖြင့် သဘာဝဘေးဒဏ် ကျရောက်လာပါက ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများကို တာဝန်ပေးအပ်လျှင် အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီ ကယ်ဆယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဟိုပင်မြို့ဒုတိယမီးသတ်ဦးစီးမှူး ဦးသိန်းကျော်က သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး နည်းလမ်းများကို အသိပညာပေး ဟောပြောခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်ဖြင့် ရေဖြန်းနည်းများ စသည်တို့ကို လက်တွေ့သရုပ်ပြသ သင်ကြားပေးခဲ့သည်။

 

ထို့အတူ ဟိုပင်မြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးဦးအောင်မျိုးလွင်က ရှေးဦးသူနာပြုစု နည်းလမ်းများနှင့် အရေးပေါ် အသက်ကယ်ဆယ်ရေး နည်းလမ်းများကို စာတွေ့ဖြင့်လည်းကောင်း၊ လက်တွေ့ဖြင့်လည်းကောင်း သင်ကြားပေးခဲ့သည်။

 

ထိုသင်တန်းတွင် လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်သူဦးဆောင်သည့် ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများ စုစုပေါင်း (၆၈) ဦး ပါဝင်တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို ရက်သတ္တပတ်အကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)