မိုးညှင်း  ၁၃    ဧပြီ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရေးကြီးကာလဖြစ်သည့် သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလတွင် မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော မိသားစု(၁)စုလျှင် နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် အခြေခံစားသောက် ကုန်(၅)မျိုး ဖြစ်သည့်ဆန်(၈)ပြည်၊ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ကြက်သွန်(၁)ပိဿာနှင့် ပဲ(၁)ပိဿာတို့ကို ယခုလ၁၁ရက်နေ့မှစ၍ ထောက်ပံ့ပေးအပ်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းတွင်အိမ်ထောင်စုပေါင်း ၄၈၀၈ စုအား ဖြန့်ဝေးပြီးစီးခဲ့ကြောင်း သိရသည်။

           

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းဆောင်ရွက်မှုဖြင့် ယခုလ၁၀ရက်နေ့မှစတင်၍ရပ်ကွက်/ကျေးရွာအလိုက်ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုစာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၊ဧပြီလ ၁၁ရက်နေ့မှစ၍ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် နန့်ပုတ်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု၁၇၄စုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်အေးနှင့်တာဝန်ရှိသူများကနောက်ဆုံးထောက်ပံ့မှုကျေးရွာအဖြစ်နန့်ပုတ်ကျေးရွာမြို့ဦးကျောင်းဇရပ်ရှေ့တွင်အခြေခံစားသောက်ကုန်(၅)မျိုးကိုမိသားစုများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

           

နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်(၅)မျိုးကို မိုးညှင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ခုနှင့်ကျေးရွာ ၂၃ ရွာမှ အိမ်ထောင်စုပေါင်း ၄၈၀၈ စုအတွက် ဆန် ၁၆၀၂ အိတ် ၆၇ ပြည်၊ ဆီ၂၄၀၄ ပိဿာ၊ ဆား ၂၄၀၄ ပိဿာ၊ပဲ ၄၈၀၈ ပိဿာ၊ ကြက်သွန် ၄၈၀၈ ပိဿာ ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းဇယားများအရ သိရသည်။

 

ကျော်ကျော်ထွေး(ပြန်/ဆက်)