မိုးညှင်း ဒီဇင်ဘာ ၂၃

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၀၀) ရှိသည့်အနက် ဒီဇင်ဘာ ၂၂ ရက်အထိ စာသင်ကျောင်း (၁၈၀) ဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။

 

မိုးညှင်းမြို့နယ်ကို ဒီဇင်ဘာ ၁၁ ရက်က မိမိနေအိမ်တွင်နေထိုင်ရန် (Stay At Home) အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ပြီးနောက် အခြေခံပညာစာသင်ကျောင်းများကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားကြလျက်ရှိသည်။

 

အဆိုပါ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာတွင် မိုးညှင်းမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျောင်းရှိသည့်အနက် အ.ထ.က ၁၉ကျောင်း၊ အ.ထ.က(ခွဲ) ၁၀ ကျောင်း၊ အ.လ.က ခုနစ်ကျောင်း၊ အ.လ.က(ခွဲ) ၁၉ ကျောင်း၊ အ.မ.က(လွန်) ၁၈ ကျောင်းနှင့် အ.မ.က ၁၀၄ကျောင်းနှင့် အ.မ.က(ခွဲ) သုံးကျောင်း စုစုပေါင်းအခြေခံပညာကျောင်း (၁၈၀) တို့မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၈၇၈၈)ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)