မိုးညှင်း၂၃ ဩဂုတ်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာအုပ်စု၊ အောင်ချမ်းသာ ကျေးရွာအနီး လယ်တော၌ ဩဂုတ် ၂၂ ရက်က လယ်တောတွင်နေထိုင်သူ ဇနီးမောင်နှံနှစ်ဦးအား သေနတ်၊ ဓား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၂ ရက် နံနက် ၇ နာရီခန့်က မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၏ အရှေ့ဘက်တစ်မိုင်ခန့် အကွာရှိ နန့်ပလန်ကွင်းလယ်တောတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။ သေဆုံးသူနှစ်ဦးမှာ လယ်ပိုင်ရှင် ဦးကျော်ထွန်းဦး၏ လယ်တောတွင် သူရင်းငှါးလုပ်ကိုင်သူ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန့်ခမ်းကျေးရွာနေ ဦးမျိုးသင်းဦး(၃၃ နှစ်)နှင့် လုံးစန့်ကျေးရွာ အုပ်စု၊ ရွာသစ်ကျေးရွာနေ ဒေါ်သီတာအေး (၃၃ နှစ်)တို့ ဇနီးမောင်နှံဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့နှစ်ဦးစလုံးမှာ ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာ၊ သေနတ်ကျည်ဆံ ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူရုပ်အလောင်းများကို လုံးတုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ လူသတ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်နိုင်ရန် လုံးတုံနယ်မြေရဲစခန်းမှ သေမှုသေခင်း ရေးဖွင့်ထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)