နေပြည်တော်၊ မတ် ၂၁
မိုးညှင်းမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မတ် ၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင် ကျေးရွာအနီးတွင် ဖြိုးငြိမ်းဦး မောင်းနှင်ပြီး သန်းထိုက်ဦး လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို(ဒေသတန်ဖိုးငွေ ကျပ် သိန်း ၁,၁၀၀ ) ကို လည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်ရှိ ကော်ထူ(ခ) နေသူရိန် ငှားရမ်းနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၇ ကီလို(ဒေသတန်ဖိုးငွေကျပ် သိန်း ၁,၈၇၀ ) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ ပူးပေါင်းအဖွဲ့သည် မတ် ၂၀ ရက် နံနက် ၁၁ နာရီခွဲတွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ လင်းထွဋ် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈,၀၀၀ (ဒေသတန်ဖိုးငွေကျပ် ၄၃၂ သိန်း) သိမ်းဆည်း ရမိခဲ့ပြီး နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄,၀၀၀ (ဒေသတန်ဖိုးငွေ ၁၃၆ သိန်း) ကိုလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် ကွင်းဆက်တရားခံ စိုင်းအွန်(ခ)စိုင်းခမ်းကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ မွန်းလွဲ ၁၂ နာရီခွဲတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် မြို့ရှောင်လမ်းအနီးတွင် ၎င်းသိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ (ဒေသတန်ဖိုး ငွေကျပ် သိန်း ၉၆၀ ) ကိုလည်းကောင်း ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)