မိုးညှင်း ၁၆ မတ်
မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် ကျေးလက်နေ ပြည်သူများ မိသားစုအပိုဝင်ငွေ ရရှိစေရန်ရည်ရွယ်၍ မော်တော်ဆိုင်ကယ်ပြင် သင်တန်းကို ယနေ့နံနက် (၁၀)နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပရာ မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းထိုက်က အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်များအလိုက် သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ သင်တန်းပေါင်း ၂၀ ကျော်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ယခုဘဏ္ဍာနှစ်အတွင်း ၄ ကြိမ်မြောက် ဖွင့်လှစ်နိုင်ခဲ့သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့ သင်ခန်းစာများကို အားသွန်ခွန်စိုက် ကြိုးစားသင်ယူသွားကြရန် ပြောကြားပြီး သင်တန်းတွင်လက်တွေ့အသုံးချမည့် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို တက်ရောက်လာသူများနှင့်အတူ ကြည့်ရှု့လေလာခဲ့ကြသည်။
ယခုဖွင့်လှစ်သည့် သင်တန်းကို ၁၅ ရက်ကြာ ဖွင့်လှစ်၍ ကျွမ်းကျင်ပညာရှင်များက စာတွေ့ လက်တွေ့ သင်ကြား ပြသပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးမြောက်ပါက သင်တန်းတွင် လက်တွေ့ အသုံးပြုခဲ့သည့် ပစ္စည်များအား သင်တန်းသားများထံ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


