မိုးညှင်း ၁၆ သြဂုတ်
ကချင်ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်အရ ကချင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် လျှပ်စစ်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်နှိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မိုးညှင်းမြို့ အောင်သပြေရပ်ကွက် မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးမှ အမှာစကားပြောကြားပြီး ခရိုင်ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဋ္ဌာန ဦးစီးမှူး ဦးအောင်ကြိုင်မှ လိုင်စင်မဲ့ဆိုင်ကယ်များ နှင့် လျှပ်စစ်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသော ဆိုင်ကယ်လိုင်စင်ပြုလုပ်ရေး စီမံချက်ကော်မတီဝင်များမှ မိမိတို့တာဝန်ကျ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားမှု အခြေအနေများ နှင့် အကြံပြုဆွေးနွေးချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
"လိုင်စင်ပြုလုပ်ပေးခြင်းကာလကို သြဂုတ်လ (၂၁) ရက်နေ့က နေ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ သတ်မှတ်ထားပြီး ဆိုင်ကယ်လိုင်စင်များကို နေ့ချင်းပြီးဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ သတ်မှတ်ကာလ ကျော်လွန်တဲ့အခါ စစ်ဆေးရေးအဖွဲ့က အရှိန်မြှင့်တင် စစ်ဆေးမှုများ ပြုလုပ်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်များနှင့် ပိုင်ရှင်ဖြစ်သူတို့ကို တည်ဆဲဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားပါ" ဟု မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးအောင်ကြိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခန့်ကိုအောင်နှင့် တပ်ဖွဲ့ဝင်များ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဆိုင်ကယ်လိုင်စင်ပြုလုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နီတိုး (မိုးညှင်း)


