မိုးညှင်း ၁၉ မေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသ ကန်ကုန်းကြီးကျေးရွာ အနောက်ဘက် (၃)မိုင်ခန့်အကွာရှိ တောထဲတွင် တရားမဝင် ရွှေတူးဖော်နေသူ (၃၉)ဦးအား နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း နန်းမားနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ နန်းမားနယ်မြေ ရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်သက်နိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သက်သေအဖြစ် ဦးဝင်းစိုး၊ ဦးကျော်စိုး၊ ဦးမြင့်ကျော်တို့ လိုက်ပါလျက် ကန်ကုန်းကြီးကျေးရွာ အနောက်ဘက် (၃)မိုင်ခန့်အကွာရှိ တောတွင်းအား နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် တရားမဝင် ရွှေတူးဖော်နေကြသော ဦးထွန်းထွန်းဝင်း အပါအဝင် ၁၂ ဦး၊ ဦးဝင်းဘို အပါအဝင် ၄ ဦး၊ ဒေါ်စု အပါအဝင် ၈ ဦးနှင့် ဦးမြင့်ကြူး အပါအဝင် ၁၅ ဦး စုစုပေါင်း ၃၉ ဦးတို့အား တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် ရွှေတူးဖော်နေသူ ၃၉ ဦးအား နန်းမားနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၀၇၈)