မိုးညှင်း ၂၇ မတ်
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စုရပ် မြို့ရှောင်လမ်း ပညာဗိမာန်ဘုန်းတော်ကြီးကျောင်း တိုက်ရှေ့ ဆင်ခေါင်းညောင်ပင်ကွေ့အနီးတွင် ယာဉ်မောင်း အိပ်ငိုက်ခဲ့သဖြင့် ဒီဇယ်များ တင်ဆောင်ထားသည့် (၂၂)ဘီး ဘောက်ဆာယာဉ် တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က ယာဉ်မောင်း သူရအောင်(၃၅)နှစ် အလုံရပ်ကွက် မုံရွာမြို့နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကောင်းမြတ်စိုး(၂၇)နှစ် အိုးဘိုတောင်မြို့သစ် မုံရွာမြို့နေ သူလိုက်ပါလာသော FUSOအမျိုးအစား (၂၂)ဘီးယာဉ် YGN 6P-----သည် ယာဉ် မောင်းနေစဉ် အိပ်ငိုက်ခဲ့သဖြင့် အရှိန်မထိမ်းနှိုင်ဘဲ လမ်းအကွေ့၌ ညာဘက်ဘေးသို့ လဲကျ တိမ်းမှောက်ခဲ့သည်။
အဆိုပါ ယာဉ်သည် ဒီဇယ်ဂါလန် ၉၆၀ဝ တင်ဆောင်လာပြီး အရှိန်လွန်တိမ်းမှောက်ခဲ့သဖြင့် မီးလောင် မှု မဖြစ်ပွားစေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာ ယာဉ်ထိန်း တပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များက ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပြီး ယာဉ်တိမ်းမှောက်မှု ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရသည်။
နီတိုး