မိုးညှင်း  ၂၈    မတ်

 

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများက  သံသယလူနာများ တွေ့ရှိပါက  ထားရှိနိုင်ရေး ကြိုတင်ပြင် ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

0004

 

မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများသည် COVID-19 သံသယလူနာများ ထားရှိနိုင်ရန် ပုညရှင်စက္ခုပါလ ဆေးရုံတွင် လူနာ ၅၀ ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ နေရာအပြင် မြို့တော်ခန်းမ၊ မိုးလုံလေလုံအားကစားခန်းမ၊ ဒီဂရီကောလိပ်၊ စိမ်းလဲ့ရတနာခန်းမ စသည့်နေရာများတွင်လည်း လူနာများထားရှိနိုင်အောင်စီမံဆောင်ရွက်လျက်ရှိသည်။

 

မြို့နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု မရှိစေရန် ပညာပေးလုပ်ငန်းများနှင့် ကြိုတင်စီမံခန့်ခွဲရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသည့် ခရီးသွားယာဉ်များတွင် ပါရှိလာကြသည့် ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးနှင့်အတူ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြသည်။

 

0005

 

ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း အချက်အချာနေရာများတွင် အသိပညာပေး ဗီနိုင်းများ စိုက်ထူထားရှိခြင်း၊ မြို့နယ်အတွင်းရှိကျေးရွာ၊ ရပ်ကွက်များအလိုက် အသံချဲ့စက်များဖြင့် ပြည်သူများ လိုက်နာဆောင်ရွက်ရန် လိုအပ်မည့် အသိပေးနှိုးဆော်ချက်များကို လည်းနေ့စဉ် ဆော်ဩပေးလျက်ရှိသည်။

 

0006

 

မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင်လည်း ရောဂါသံသယလူနာထားရှိရန် သီးသန့်လူနာခန်းအပြင် အဆိုပါ စောင့်ကြည့်လူနာခန်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် ဝန်ထမ်းများကိုလည်း အပတ်စဉ် ဂျူတီတာဝန်များခွဲဝေချထားကြောင်းနှင့် ယနေ့အချိန်အထိ မိုးညှင်းပြည်သူ့ ဆေးရုံတွင် အဆိုပါ ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်လူနာတစ်ဦးတစ်ယောက်မျှမရှိသေးကြောင်း မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)

 

0007