မိုးညှင်း ၁၀  မေ 

 

မိုးညှင်းမှ ထွက်ခွာလာသည့် မြစ်ကြီးနား-မန္တလေး အစုန်ကုန်ရထားတွဲပေါ်၌ မေ ၉ ရက် နံနက်က တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မိုးညှင်းမှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် မြစ်ကြီးနား-မန္တလေး အမှတ် ၉၃၈ အဆန်ကုန်ရထားပေါ်တွင် တရားမဝင်ကျောက်စိမ်းများ တင်ဆောင်ထားကြောင်း သတင်းအရ မော်ဟန်ရဲကင်းစခန်းမှ ဒုတိယရဲအုပ် ဇော်လင်းနှင့် တာဝန်ရှိသူများက အဆိုပါရထား မော်ဟန်ဘူတာသို့ ဆိုက်ရောက်ချိန်တွင် စစ်ဆေးရှာဖွေရာ ရထားတွဲအမှတ်(GBHV-40700)တွဲပေါ်မှ ပီနံအိတ်များဖြင့် ထည့်ထားသည့် ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ၄၀၅ လုံးမှ အလေးချိန် ၆၅၀ ကီလိုနှင့် ကျောက်စိမ်းခွဲခြမ်း ၂၂ ခြမ်းမှ အလေးချိန် ၄၀ ကီလို၊ စုစုပေါင်း တရားမဝင်ကျောက်စိမ်း ၆၉၀ ကီလိုအား သိမ်းဆည်းရမိခဲ့သည်။

 

mdn

 

အဆိုပါ ကျောက်စိမ်းအရိုင်းတုံးများနှင့် ပတ်သက်၍ စက်ခေါင်းမောင်း ဦးသန့်ဇင်အောင်နှင့် ဦးသန်းထွန်းဦး တို့နှစ်ဦးအား မေးမြန်းရာ မိုးညှင်းဘူတာ၌ ရထားရပ်နားစဉ် ဖိုးကော်ဆိုသူမှ ၎င်းအထုပ်များနှင့် နဘားသို့ လိုက်လိုကြောင်းပြောသဖြင့် တင်ခဲ့ခြင်းဖြစ်ကြောင်း ဖိုးကော်မှာ ကွမ်းယာဝယ်မည်ဟုဆိုကာ ထွက်ခွာသွားပြီး ပြန်ရောက်မလာတော့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်သူ ဖိုးကော်အား မိုးညှင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)