နေပြည်တော် ဖေဖော်ဝါရီ ၁၀

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာအနီးတွင် မစိုးစိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၆ ဒသမ ၂ ကီလို ( တစ်ကီလိုလျှင် ၁၂ သိန်းနှုန်းဖြင့် ဒေသကာလတန်ဖိုး ၇၄ ဒသမ ၄ သိန်း) ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၃ နာရီတွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ဇော်ထိုက်(ခ)ကပြား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ကိုရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရ မိခဲ့ပြီး ၃ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ (တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ဒေသ ကာလတန်ဖိုး သိန်း ၄၀) ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)၊ မြို့ပတ်လမ်းရှိ မျိုးအောင်(ခ) သားငယ်(ခ)ရှမ်းကုလား၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ (တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ၉၂၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်းသိရသည်။

 

ရဲပြန်ကြား