မိုးညှင်း  မေ ၂၁

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် ပြည်သူများအား သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရန်၊ လေကောင်းလေသန့်များရရှိစေရန်၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတု ကောင်းမွန်လာစေရန်အတွက် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို မေ ၂၁ ရက် နံနက် ၈ နာရီခွဲက မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ကိုကိုဝင်းတို့က တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများထံသို့ စိုက်ပျိုးကြမည့်ပျိုးပင်များ အသီးသီးပေးအပ်ကြသည်။

 

ထို့နောက် မိုးညှင်းတပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများက တက္ကသိုလ်ကျောင်းဝင်းအတွင်း သတ်မှတ်နေရာများ၌ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းပင် (၁၀၀)၊ ပျဉ်းကတိုးပင် (၁၀၀)၊ ယမနေပင် (၅၀)နှင့် ယင်းမာပင် (၅၀)စသည် စုစုပေါင်းသစ်ပင် (၃၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)