မိုးညှင်း ဇူလိုင် ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက ဘီလူးကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများပေါ်ထွန်းလာစေနိုင်မည့်အပြင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကော်မတီဝင်စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


