မိုးညှင်း ၁၈ ဇူလိုင် 


    
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း၌ ယခုနှစ်မိုးဦးရာသီတွင်  မိုးရွာသွန်းရက် နည်းပါးပြီး မိုးခေါင်နေသဖြင့်  မိုးစပါးစိုက်ပျိုးရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း မြို့နယ်အတွင်းရှိ  တောင်သူများထံမှ သိရသည်။


    
“ဒီနှစ်မိုးခေါင်တာတော့ ဦးလေးတို့ဖြတ်သန်းခဲ့တဲ့ သက်တမ်းတစ်လျှောက် အဆိုးဆုံးထင်တာပဲ၊ အရင်က မိုးခေါင်တယ်ဆိုတာက ချောင်းမြောင်းတွေမှာ ရေရှိသေးတယ်၊ ဒီနှစ်တော့ ရေစုပ်စက်နဲ့ ရေတင်ဖို့တောင် မြောင်းတွေမှာ ရေမရှိတော့ တော်တော်ဒုက္ခရောက်တယ်” ဟု အသက်၅၃နှစ်အရွယ်ရှိ တောင်သူဦးသန်းဝင်းက ပြောသည်။


    
ပျိုးကြဲရန်အတွက် ရေမရှိသဖြင့်  ရေစုပ်စက်ဖြင့် ရေဘုံပိုင်မှရေတင်ပြီး ပျိုးကြဲခဲ့ရကြောင်းကို  “၆ ရက်လောက်နေ့ရောညရော စက်မောင်းပြီး ပျိုးကြဲခဲ့ရတယ်၊ ဆီက ၇၅ ဂါလန်လောက် ကုန်သွားတယ်၊ အခုတော့ ကျွန်တော့လယ်  အကုန်လုံး စိုက်လို့ပြီးသွားပြီ၊ အခုလည်း စက်ကတော့ မောင်းထားရတယ်၊ မိုးမရွာတော့ စိုက်ထားတာတွေ သေကုန်မှာစိုးလို့၊ ကျွန်တော့် လယ်အပေါ်ဘက်က တော်တော်များများက မစိုက်ရသေးဘူး၊ အခါတိုင်း ဒီအချိန်ဆို လယ်တော်တော်များများ စိုက်ပြီးကုန်ပြီ” ဟု ယင်းကပင် ဆက်လက်ပြောကြားသည်။


    
မိုးခေါင်သဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအနေဖြင့် ယခုအချိန်တွင် ပျိုးကြဲစိုက်ပျိုးခြင်းထက် တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းကို ပြောင်းလဲစိုက်ပျိုးသင့်ကြောင်းကို မိုးညှင်း မြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနအရာရှိ ဦးမြင့်သောင်းက “ မိုးဦး ရာသီဖြစ်တဲ့ မေ၊ ဇွန်၊ ဇူလိုင်မှာ မိုးရေချိန် အနည်းဆုံးလက်မ (၃၀) ရှိမှ စပါးစိုက်လို့ရမှာဖြစ်တယ်၊ မိုးညှင်းမြို့နယ်က လယ်တွေဟာမိုးရေကို အဓိကအားထားပြီး စိုက်ပျိုးရတယ်၊ အခု ဇူလိုင်လလယ် ရောက်နေပြီဆိုတော့ ပျိုးကြဲပြီးစိုက်ရင် စပါးအထွက်နှုန်း လျှော့မှာသေချာတယ်၊ ဒါကြောင့် တိုက်ရိုက် မျိုးစေ့ချစိုက်မှ အဆင်ပြေမယ်”  ဟု အကြုံပြုပြောကြားသည်။

 

၂၀၁၉ခုနှစ်၊ မိုးရွာသွန်းရက်များနှင့် မိုးရေချိန်များ အနေဖြင့် မေလတွင် မိုးရွာရက် ၄ ရက်၊ မိုးရေချိန် ၂ ဒသမ ၃၂ လက်မ၊ ဇွန်လတွင် မိုးရွာရက် ၁၆ ရက် မိုးရေချိန် လက်မ ၅ ဒသမ ၉၅ လက်မ၊ ဇူလိုင်လ (၁၇) ရက် အထိ မိုးရွာရက်  ၃ ရက် မိုးရေချိန် ၂ ဒသမ ၁၂ လက်မသာရွာသွန်းခဲ့ပြီး ၂၀၁၈ခုနှစ် မိုးရွာ သွန်းမှုအနေဖြင့် မေလတွင် မိုးရွာသွန်းရက် ၁၇ ရက်မိုးရေချိန် ၁၂ ဒသမ ၁၂ လက်မ၊ ဇွန်လတွင် မိုးရွာရက် ၁၉ ရက် မိုးရေချိန် ၁၄ ဒသမ ၆၉ လက်မ၊ ဇူလိုင်လတွင် မိုးရွာရက် ၂၂ ရက်မိုးရေချိန် ၁၇ ဒသမ ၂၂ လက်မ ရွာသွန်းခဲ့ကြောင်း မြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


                                    
 ကျော်ကျော်ထွေး(မိုးညှင်း)