ကြို့ပင်ကောက် ၂၄  ဇန်နဝါရီ 


ကြို့ပင်ကောက်မြို့တွင် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်း ယူနစ်(၄၂)ယူနစ် ကျေးရွာ(၄၄)ရွာအနက်မှ စံပြကျေးရွာရွေးချယ်ခြင်းနှင့် အတွေ့အကြုံများနှီးနှောဖလှယ်ခြင်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။


အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးက မြစိမ်းရောင်စီမံကိန်းစံပြ ကျေးရွာ ဆုရွေးချယ်ခြင်းနှင့်ပတ်သက်သော စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြစိမ်းရောင်စီမံကိန်း စံပြဆုပထမရရှိသော ကျွန်းကုန်းအုပ်စု ဒေါင်းလူးကျေးရွာ၊ စံပြဒုတိယ ဆုရရှိသော တူမြောင်းအုပ်စု ဇီးတောကျေးရွာနှင့် စံပြတတိယဆုရရှိသော လှေတုန်းအုပ်စု လှေတုန်းကျေးရွာတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်အဆင့်မြစိမ်းရောင်ကော်မတီဝင်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး အခမ်းအနားတက်ရောက်လာသော သက်ဆိုင်ရာ ကျေးရွာတာဝန်ခံများက မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းများနှင့်ပတ်သက်၍ အားနည်းချက် အားသာချက်များကို ဆွေးနွေးပြောကြားကြရာ မြို့နယ်မြစိမ်းရောင် ကော်မတီဥက္ကဌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)