နေပြည်တော်၊ ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ လသာကျေးရွာအနီး၊ မြိတ် - တနင်္သာရီ သွားကားလမ်းတွင် မျိုးအေး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ အလားတူ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ လွယ်ဝိုးတုတ် ကျေးရွာအနီး၊ ဟိုပုံး - လွိုင်လင် သွားကားလမ်းတွင် အောင်ကျော်ထွန်း မောင်းနှင်ပြီး သီဟမင်းဇင် လိုက်ပါလာသည့် HYUNDAI အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်အရ ညနေ ၃ နာရီခွဲတွင် တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ မဲတောင်းကျေးရွာအနီးရှိ (၄) မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိုင်းလှထွန်း(ခ) ဖိုးသီး နှင့် မျိုးမင်းသူတို့ နှစ်ဦးအားလည်းကောင်း၊ ထို့အတူ ဇန်နဝါရီ ၂၉ ရက် နံနက် ၇ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ဟွေကွယ် ကျေးရွာအုပ်စု၊ ဟွေကွယ်ကျေးရွာအနီးတွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ) မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားပြီး ပြုတ်ကျကျန်ခဲ့သည့် အိတ်အတွင်း၌ အိုက်စ် ငါး ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား