နေပြည်တော် ဧပြီ ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီ ၉ ရက် နံနက် ၁၁ နာရီတွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာအနီးတွင် EXPRESS ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၈၈ ကီလို ကိုလည်းကောင်း၊ အလားတူ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် EXPRESS ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  ဘိန်းစိမ်း ၉ ဒသမ ၈ ကီလို ကိုလည်းကောင်း။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၀ ရက် မွန်းလွဲ ၃ နာရီတွင်   သာစည်မြို့၊ အမှတ်(၁) မင်းရန်နိုင်ရပ်ကွက်၊ နွားပွဲဈေးအနီးရှိ မညိမ်းညိမ်းလတ် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အောင်အောင် အား တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၆,၁၅၀ ကိုလည်းကောင်း၊ ထို့ပြင် ဧပြီ ၉ ရက် မွန်းလွဲ ၁၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၉)ရပ်ကွက်၊ ဘားအံလမ်းတွင် သန်းဇော် မောင်းနှင်ပြီး ဝင်းထွန်းစိုး(ခ)ကရင် နှင့် မချယ်ရီဖြိုး တို့ လိုက်ပါလာသည့် BELTA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ ည ၉ နာရီတွင်  သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ ဝေဇယန္တာ လမ်းမကြီးတွင် ဟန်နီကိုကို အား စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း၊ အလားတူ ဧပြီ ၁၀ ရက် ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၉) ရပ်ကွက်ရှိ မဇင်မာဝင်း(ခ)ပိုင်ပိုင် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄,၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်