နေပြည်တော်၊ ဇွန် ၁၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် ညနေ ၅ နာရီတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် ည ၁၁ နာရီခွဲတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် EXPRESS ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် ည ၇ နာရီတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် စိုင်းလှထွန်းမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ဇွန် ၈ ရက် ည ၈ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မလှလှဌေး (ခ) မဌေး၊ မဝင်းပပထွန်း (ခ) အိသူ နှင့် မချိုချို (ခ) မချို တို့သုံးဦး လာရောက်ထုတ်ယူသည့် လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင် သူများဖြစ်ကြသည့် ကောင်းထက်(ခ)အစီပိတ်အား နံနက် ၉ နာရီတွင် မြောက်ဥက္ကလာပ မြို့နယ်၊ (ခ)ရပ်ကွက်၊ ဝေဘာဂီလမ်းတွင်လည်းကောင်း၊ အောင်ဆန်းမြင့်(ခ)ကိုဇော်အား နံနက် ၁၁ နာရီတွင် သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ပိတောက်လမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် နံနက် ၉ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက် ထုတ်ယူသူ ရှိုင်းထက်ဇော်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀,၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မဥမ္မာသိန်းအား နံနက် ၂ နာရီတွင် အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ မြို့မဈေးအရှေ့၌ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်