နေပြည်တော်၊ အောက်တိုဘာ ၄

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းမြို့၊ တစ်ကောင်းရပ်ကွက်၊ ရတနာပုံတံတား အနီးတွင် မန္တလေးမှ မိုးကောင်းသို့ မောင်းနှင်လာသည့် AD Van အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၈ ကီလို ကိုလည်းကောင်း၊ အလားတူ ညနေ ၄ နာရီတွင် သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအုပ်စု၊ ပြည်ညောင်ကျေးရွာအနီးတွင် နေဇော်ရဲနှင့် အောင်မြင့်မြတ်တို့အား ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ ကို လည်းကောင်း။

 

ထို့အတူ ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်တွင် တရုတ်နိုင်ငံသား အားဖူမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၈၇၅ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း၊ ထို့ပြင် ညနေ ၅ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ရွှေနှင်းဆီရပ်ကွက်နေ မျိုးမြင့်အောင် (ခ) မျိုးမြင့်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၇ နာရီခွဲတွင် အောင်ကိုကို (ခ) အောင်ဖိုးအား မင်္ဂလာဒုံ မြို့နယ်၊ ရွှေနှင်းဆီရပ်ကွက်၊ သီရိရတနာလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်