နေပြည်တော် ဇန်နဝါရီ ၂၇

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအုပ်စု၊ ဘောနတ်ကြီး ကျေးရွာအနီးတွင် ခရီးသည်တင်မှန်လုံယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် သက်ပိုင်ဦး ၏ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁ ကီလို ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည၈နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်း ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မျိုးသူ(ခ)သူရ နှင့် ရဲကိုကို တို့၂ ဦးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း၊  ထို့ပြင် ဇန်နဝါရီ ၂၅ ရက် နံနက် ၁၁ နာရီ ခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ ရပ်ကွက်(၈)၊ နယ်မြေ(၁၃)၊ ရေပန်းလမ်းဆုံ အနီးတွင် ဖူဝင် မောင်းနှင်လာသည့် LEXUS Ls 460 မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ သိမ်းဆည်း ရမိခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီ ၂၆ ရက် နံနက်၁၁ နာရီခွဲတွင် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၈)၊ အေးချမ်းသာယာလမ်းတွင် အောင်ထွေး မောင်းနှင်ပြီး ရန်နိုင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်