နေပြည်တော် ၂၇ ဇန်နဝါရီ
မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် နံနက် ၆ နာရီခန့်က ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ထိုင်ခုံအမှတ်(၃၁)ရှိခရီးသည် ဒေါ်လထော်နန့်လွန်၏ ကျောပိုးအိတ် အတွင်းမှ ဘိန်းဖြူ ဝ ဒသမ ၃၃ ကီလို ၊ စိတ်ကြွရူးသွပ်ဆေး ၁၀ ပြား၊ မြန်မာေငွကျပ် ၂၆၀,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ထိုင်ခုံအမှတ် (၃၂)ရှိ ခရီးသည် ဒေါ်လဖိုင်ကော့၏ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူ ဝ ဒသမ ၂၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များနှင့် ကျောက်မဲမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မြင့်သိန်း(ခ)ခနီ မောင်းနှင်ပြီး မစန်းစန်းအေး(ခ)ပေါက်ခဏ လိုက်ပါလာသည့် TITAN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ နှင့် မြန်မာငွေကျပ် ၅ သိန်းတို့ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ မန်အိုင်ကျေးရွာ၊ လမ်းသွယ်(၁)လမ်းနေ ဦးအိုက်ယွမ်မှ ၎င်း၏နေအိမ်ခြံစည်းရိုးအပြင်ဘက်တွင် မသင်္ကာဖွယ်ကြွပ်ကြွပ်အိတ်အထုပ် ၃ ထုပ်တွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ၄င်းမှ ဘိန်းဖြူ ဝ ဒသမ ၁၄ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ ထိုနေ့နံနက် ၉ နာရီခွဲက ပင်လောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပင်လောင်းမြို့၊ ဘန့်ဖယ်ရပ်ကွက်၊ ကားလမ်းမဘေးချုံပုတ်အောက်ရှိ ကျောပိုးအိတ်တစ်လုံးအား တွေ့ရှိသောကြောင့် စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၇ ဒသမ ၂ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
MDN