နေပြည်တော် ၁၅ မေ
မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၄ ရက် ည ၉ နာရီက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာအနီး၊ မိုးညှင်း-ဝှေခါသွားလမ်းတွင် ဇော်နိုင်မောင်းနှင်ပြီး ဇာနည်လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၀ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယနေ့နံနက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး (မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် စစ်ဆေးရေးစခန်းတွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ခရီးသည် ကျချီး(ခ)လောက်ကျူထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ဝ၊ ခရီးသည် မောရှေထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ သိမ်းဆည်းရမိခဲ့ပြီး အလားတူ ခရီးသည် မနန်းရှန်ထွမ်း(ခ)အေးထွမ်းနှင့် မအေးဆိုင်ရွှေတို့ သယ်ဆောင်လာသည့် ဆောင်းဘောက် ၄ လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။
ထို့အတူ မေ ၁၄ ရက် မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာအနီး၊ ကွတ်ခိုင်-ကောင်းခါးသွား ကားလမ်းတွင် ဒခွမ်အွမ်းဆားရ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၀ဝ ကိုလည်းကောင်း။
အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီ မိနစ် ၂၀ က မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ အုပ်စု၊ ဟွေရဲကျေးရွာနေ လော်ဖာ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၄၃၁ ပြားနှင့် ဘိန်းမည်း ၁၀ဝ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အလားတူ တာချီလိတ် မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်အနီးတွင် အိုက်နွန်(ခ) အိုက်နွန်မြောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ကတ်တမင်း ၈၃၀ ဂရမ်သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN