နေပြည်တော် ၈ မတ်
မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၇ ရက် နံနက် ၁၀ နာရီက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ တောမှော်ကျေးရွာ၊ အမှတ်(၂)ရပ်ကွက်နေ သိန်းစိုး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မဇင်ဇင်မြင့်အားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေး ၁၄၇၂ ပြားနှင့် ဘိန်းဖြူ ၁ ဒသမ ၅ ဂရမ် တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် သိန်းစိုး(၄၀)နှစ်နှင့် မဇင်ဇင်မြင့်(၃၅)နှစ် တို့ကိုလည်းကောင်း၊ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်၊ မြင်ဖူပေါက်အနီးတွင်တွေ့ရှိသူ အိန္ဒိယနိုင်ငံသား ပေါင်မန်ခိုစိုင်း (PAOMANG KHONGSAI)အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၅ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြား တို့ကိုလည်းကောင်း၊ ထို့အတူ မတ် ၆ ရက် ညနေ ၅ နာရီက ကျောက်ဂူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ဖက်ရင်းကုန်းကျေးရွာနေ စံညို၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ သိန်းစိုး၊ သန်းစိုး၊ ထွန်းခိုင်နှင့် ဇော်ဝင်းတို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁၀ဝ၊ မြန်မာငွေကျပ် ၈၅၀ဝ၀ဝ နှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို လည်းကောင်း။
အလားတူ မတ် ၇ ရက် နံနက် ၁၁နာရီက နမ့်ဖတ်ကာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၊ အမှတ်(၁)ရပ်ကွက်နေ ဒေါ်ရွယ်နူး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၄၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ညနေပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၂၆) ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ သံတဲကျေးရွာ၊ ပင်လောင်း-အောင်ပန်းကားလမ်း၊ မိုင်တိုင်အမှတ်(၂၄/ဝ)အနီးတွင် တွေ့ရှိသူ ခွန်တီးထုပ် အားရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN