နေပြည်တော် ၂ စက်တင်ဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကရင်စုလမ်းနေ ဦးအောင်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၉၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ အလားတူ ဩဂုတ် ၃၀ ရက် ညနေ ၅ နာရီတွင် ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပင်လည်ဘူးမြို့နယ်၊ ပင်းကြိုင်းကျေးရွာအုပ်စု၊ ပင်လောင်ကျေးရွာ ဘုရားအနီးတွင် ခင်မောင်ချို(ခ)ဖိုးချို မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ကိုလည်းကောင်း၊ ထို့အတူ ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာနေ အိုက်ပေါ့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၉၀ ကိုလည်းကောင်း။
အလားတူ ဩဂုတ် ၃၀ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းကိုင်မြို့နယ်၊ မိုင်းကိုင်-လဲချားသွားကားလမ်း၊ မိုင်တိုင်အမှတ်(၄၉)အနီးတွင် စစ်ဆေးရေးဆောင်ရွက်နေစဉ် ပြည့်ဖြိုး(ခ)ဖြိုးအောင် မောင်းနှင်လာသော ၁၂ ဘီးအမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်၍စစ်ဆေးရှာဖွေရာ ငွေကျပ် သိန်း ၁၂၀၀ တန်ဖိုးရှိ ဟိုက်ဒရိုကလိုရစ် အက်ဆစ် ၁၂,၀၀၀ လီတာ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မိုင်းကိုင်မြို့နယ်၊ လွယ်ရှိုးကျေးရွာ အနီးတွင် ဂျန်မာခါး(ခ)လောက်ပ(ခ)တင်ဦးအား PAJERO အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ KBZ ATM ကတ် ၁ ခု၊ မြန်မာငွေကျပ် ၁,၁၃၅,၈၀၀၊ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။
ထို့အတူ စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ်၊ ကျောက်ဂူပြင်ကျေးရွာအုပ်စု၊ ကျောက်ဂူပြင်ကျေးရွာ၊ ရွာငံ-ကျောက်ဆည်သွား ကားလမ်းတွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၁၉ ကီလိုနှင့် ၎င်းထံမှ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား