နေပြည်တော် ၁၆ စက်တင်ဘာ
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲတွင် တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်၊ တနိုင်း-မိုင်းခွန်သွား ကားလမ်းမတွင် မသင်းရွှေ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၉၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၁၀၀ တို့ကိုလည်းကောင်း၊ ဆက်လက်၍ ၎င်းနေထိုင်သည့် တနိုင်းမြို့၊ ဟူးကောင်းရပ်ကွက်ရှိ နေအိမ်သို့သွားရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၉၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၁၈၀ တို့ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ ညနေ ၆ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သပိတ်ကျင်းမြို့နယ်၊ တကောင်း-သပိတ်ကျင်းသွား ကားလမ်းရှိ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်အနီးတွင် ပြည့်ဖြိုးထွန်း(ခ)ကိုဖြိုး မောင်းနှင်ပြီး လင်းလင်းဦး(ခ)ကိုဦး လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ကိုလည်းကောင်း၊ ထို့အတူ ထိုနေ့ မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဆုံကျေးရွာအနီး၊ ကျောက်ဆုံ-နောင်ဝိုးသွား ကားလမ်းတွင် စိုင်းညာလိန္ဒ မောင်းနှင်ပြီး မမိုးသဇင် လိုက်ပါလာသော မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ တူယားကျေးရွာအုပ်စု၊ ဟုန်းဟန်ကျေးရွာအနီး၊ မိုင်းနောင်-မိုင်းစံသွား ကားလမ်းတွင် စိုင်းလူ(ခ)စိုင်းဝါလိင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၃၃ ဒသမ ၃၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား