နေပြည်တော်၊ ၁၂ ဇန်နဝါရီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၁ ရက် နံနက် ၁၁ နာရီတွင် ကွတ်ခိုင်မြို့နယ်၊ မန်လွယ်ကျေးရွာအနီး၊ လားရှိုး-မူဆယ်သွား ကားလမ်းတွင် ချောင်ကွမ်းမောင်းနှင်ပြီး မမာခွမ်လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မမာခွမ်ထံမှ  စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၂၂ ကီလိုကိုလည်းကောင်း၊ အလားတူ ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် နောင်ချိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မကျီးရေကျေးရွာအနီး၊ နောင်ချို-ရပ်စောက်သွား ကားလမ်းတွင် မိုးထက် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ နှင့် ကွင်းဆက်အရ ညပိုင်းတွင် ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာနေ ထွန်းစီ(ခ)သာမဲ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ ကိုလည်းကောင်း။ 

 

ထို့အတူ ယင်းနေ့ တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ညောင်ဖြူ စခန်းရပ်ကွက်ရှိ ငြိမ်းချမ်းထွန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂,၄၀၀၊ ဘိန်းဖြူ သုည ဒသမ ၂၄ ကီလို၊ ဘိန်းဆီခဲ သုည ဒသမ ၁ ကီလိုတို့ကိုလည်းကောင်း၊ အလားတူ ထို့နေ့ ညနေပိုင်းတွင် သိန္နီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သိန္နီမြို့နယ်၊ ပန်လော့ကျေးရွာအနီးတွင် အိုက်ငို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊  စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား