နေပြည်တော်၊ ၂၇ ဇန်နဝါရီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဟိုပင်မြို့၊ ဟိုပင်တိုးဂိတ်အနီး၊ ရွှေဘို-မြစ်ကြီးနားလမ်းတွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်မောင်း မရွှေဇင်မြင့်(ခ)သူသူအား တွေ့ရှိရပြီး ယာဉ်ပေါ်ရှိ ကြိမ်ခြင်းများအတွင်း သီးနှံများနှင့် ရောနှောသယ်ဆောင်လာသော ဘိန်းဖြူ ၂ ဒသမ ၄၄၈ ကီလို ကိုလည်းကောင်း။

 

ထို့အတူ ဇန်နဝါရီ ၂၆ ရက်ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ်၊ ယုံတောင်ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၅၁/၅၀၀)တွင် ကျော်သူဝင်း(ခ)ကျော်သူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ယောဟန် မောင်းနှင်ပြီး ဖိလစ်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယောဟန်၏ ဆိုင်ကယ်ပေါ်မှ ဘိန်းစိမ်း ၃၀ ကီလိုကိုလည်းကောင်း၊ ဆက်လက်၍ အဆိုပါနေရာ၌ နေချို(ခ)ရာဇာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှ ဘိန်းစိမ်း ၃၀ ကီလိုကိုလည်းကောင်း။

 

အလားတူ ယင်းနေ့နံနက် ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွားကားလမ်းတွင် တူးတူးခိုင်(ခ)ကိုခိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် သက်နိုင်စိုး(ခ)သန်းနိုင်စိုး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၁,၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား