နေပြည်တော် ဇွန် ၂၁
ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် ညနေ ၅ နာရီခွဲတွင် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ သိန်းဝင်းအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၉၁၀ ကို လည်းကောင်း၊ ထိုနေ့ နံနက် ၁၀နာရီ ၄၅ မိနစ်တွင် လောင်းလုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ကဒက်ငယ် ထိန်ကျေးရွာအနီးတွင် ကောင်းကောင်း (ခ) ကောင်းထက်ဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂,၆၄၃ ပြား ကိုလည်းကောင်း။
ထို့အတူ ဇွန် ၂၀ ရက် ည ၇ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဘုရားကြီး - ဝေါသွားကားလမ်း၊ မိုင်တိုင်အမှတ် (၆၁/၇)၊ ရွှေသံလွင် တိုးဂိတ်အနီးတွင် ဇော်နိုင်မောင်းနှင်ပြီး အောင်ဇော်ထက် လိုက်ပါလာသည့် Probox အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၉,၆၉၅ ပြား ကိုလည်းကောင်း၊ ယင်းနေ့ ည ၇ နာရီခွဲတွင် လောက်ကိုင်မြို့၊ အမှတ် (၂) ရပ်ကွက်တွင် လိကျုံးမိ (ခ) လိလောက်ချန် တည်းခိုနေထိုင်သည့် ဟိုတယ်အခန်းအမှတ် (၃၀၂) သို့ သတင်းအရ ဝင်ရောက် ရှာဖွေရာ အိုက်စ် ၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈,၆၀၀ တို့ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၃ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက် (ခ) တွင် မသင်္ကာဖွယ် တွေ့ရှိသူ အာကာကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေး ယူထားကြောင်း သိရသည်။
ရဲပြန်ကြား